TBC ၏ အမှုဆောင်ညွှန်ကြားရေးမှူးဟောင်း Sally Thompson သည် ‘ဗြိတိသျှအင်ပါယာ၏ အရာရှိ (OBE)’ ဘွဲ့တံဆိပ်ဖြင့် ဗြိတိန်ဘုရင်မင်းမြတ်၏ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူး ဂုဏ်ထူးဆောင်စာရင်းတွင် ထည့်သွင်းချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ သူမသည် ထိုင်း-မြန်မာနယ်စပ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါသည်။
ယခုဆုသည် တစ်ဦးတစ်ယောက်ချင်းစီအား ပေးအပ်သည့်ဆု ဖြစ်သော်လည်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲဒုက္ခများ လျှော့ချနိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ဒေသခံလူမှုအဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်မှုများကိုပါ အသိအမှတ်ပြုခြင်းဖြစ်သည်ဟု Sally က ယုံကြည်ပါသည်။Sally က ‘မြန်မာစစ်အစိုးရရဲ့ အဆမတန်များပြားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကြားထဲကနေ သူတို့ရဲ့ ဒုက္ခသည်လူထုကို ကူညီနိုင်ဖို့ အရာရာကို စတေးပြီး ဆောင်ရွက်နေကြတဲ့ TBC ဝန်ထမ်းတွေနဲ့ ကျွန်မတို့ရဲ့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေအားလုံးကို ကိုယ်စားပြုပြီး ဒီဆုကို ဂုဏ်ယူစွာ လက်ခံရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်’ ဟု ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခံရခြင်းမှာ Sally ၏ ထူးချွန်ပြောင်မြောက်သော ဆောင်ရွက်မှုများအတွက်သာမက၊ နိုင်ငံတကာအဖွဲ့အစည်းများ သွားရောက်နိုင်ခြင်းမရှိသော ဒေသများတွင် ဒေသခံလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနေသည့် လူထုအခြေပြု အကူအညီပေးရေး ဝန်ထမ်းများအတွက်ပါ ရည်ရွယ်ခြင်းဖြစ်သည်ဟု TBC က ထပ်လောင်းအတည်ပြု ပြောကြားလိုပါသည်။ Inter Pares ၏ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် TBC ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Samantha McGavin က ‘မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် ဆယ်စုနှစ်များစွာကြာအောင် Sally ရဲ့ စိတ်ရင်းစေတနာပါပါ ကတိကဝတ်ပြု ဆောင်ရွက်ခဲ့မှုတွေအပြင်၊ ဒေသခံတွေရဲ့ သတ္တိရှိတဲ့ ဦးဆောင်မှုနဲ့ လူမှုဖူလုံရေးအတွက် ပံ့ပိုးပေးခဲ့မှုတွေအပေါ် ကျွန်မတို့အနေနဲ့ အမြဲတမ်း ကျေးဇူးတင်ရှိနေမှာပါ’ ဟု ပြောကြားခဲ့ပါသည်။
ယခုနှစ်အတွက် ပြည်ပနှင့် နိုင်ငံတကာဝန်ဆောင်မှုများတွင် အသိအမှတ်ပြု ချီးမြှင့်ခြင်းခံရသူများ၏ စာရင်းကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။: https://www.gov.uk/government/publications/new-year-honours-2023-overseas-and-international-list/new-year-honours-2023-overseas-and-international-list-order-of-the-bath-and-order-of-the-british-empire
