တနင်္သာရီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ (Conservation Alliance of Tanawtharyi – CAT) သည် သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အခြားရွေးချယ်နိုင်သည့် ချဉ်းကပ်ပုံများ၊ အစဉ်အလာအရ မြေယာအသုံးပြုပိုင်ခွင့်နှင့် နေရပ်စွန့်ခွာခဲ့ရသည့် လူမှုအသိုင်းအဝိုင်းများအတွက် မြေယာအခွင့်အရေး ပြန်လည်ရရှိရေးတို့ကို လေ့လာဆန်းစစ်ထားသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန် သဘာဝထိန်းသိမ်းရေးနယ်မြေများ (Protected Areas) တိုးချဲ့သတ်မှတ်ရန် အဆိုပြုချက်များသည် ဌာနေတိုင်းရင်းသားများ၏ မြေယာ၊ သဘာဝအရင်းအမြစ်များနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အရေးများကို လေးစားအသိအမှတ်ပြုရန် ပျက်ကွက်နေကြောင်း ဝေဖန်မှုများ ရှိနေပါသည်။
၂၀၀၅ ခုနှစ်တွင် တနင်္သာရီ သဘာဝကြိုးဝိုင်း (Tanintharyi Nature Reserve) ၏ နယ်နိမိတ်သတ်မှတ်ခဲ့မှုကို ယခင်က မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် သစ်တောဒေသများသို့ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေများက မည်သို့ အဟန့်အတားဖြစ်စေနိုင်ကြောင်း ပြသသည့် ဥပမာတစ်ခုအဖြစ် ဖော်ပြထားပါသည်။
ယင်းနှင့်ဆန့်ကျင်ဘက်အနေဖြင့် ထားဝယ်နှင့် ဖာပွန်မြို့နယ်များရှိ လူထုဦးဆောင်သော သဘာဝထိန်းသိမ်းရေး ချဉ်းကပ်နည်းများ ကို ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေး နှစ်ရပ်စလုံးကို အားပေးမြှင့်တင်နိုင်သည့် အခြားရွေးချယ်စရာ ပုံစံတစ်ရပ် အဖြစ် တင်ပြထားပါသည်။
CAT သည် TBC ၏ ပံ့ပိုးကူညီမှုဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို မြှင့်တင်ဆောင်ရွက်နေသည့် ကရင်လူထုအခြေပြုအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့တစ်ခု ဖြစ်ပါသည်။ “Our Forest, Our Life: Protected Areas in Tanintharyi Region must respect the rights of indigenous peoples” (ကျွန်ုပ်တို့၏ သစ်တော၊ ကျွန်ုပ်တို့၏ ဘဝ – တနင်္သာရီတိုင်းဒေသကြီးရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများသည် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို လေးစားရမည်) အမည်ရှိ အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်မိတ်ဆက် ထုတ်ပြန်ခဲ့ပါသည်။
အစီရင်ခံစာ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ မူနှစ်မျိုးစလုံးကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။