
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကာ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ နယ်မြေများအတွင်းသို့ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) များ ဝင်ရောက်တပ်စွဲလာပြီးနောက်၊ အဓိကအားဖြင့် မွန်တိုင်းရင်းသားများဖြစ်ကြသော လူဦးရေ ၉၀၀ ခန့်သည် ဘုရားသုံးဆူနယ်စပ်အနီးရှိ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်စွဲထားသည့် Palaing Japan ခံတပ်ကို တိုက်ခိုက်မှုများအထိ ပြင်းထန်လာခဲ့ရာ၊ မွန်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရပြီး ဒေသခံမွန်ရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။
ဒေသခံ ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရသူများကို လတ်တလောတွင် နေရာ (၂) ခု၌ လက်ခံကူညီထားကြောင်း သိရပါသည်။ ၎င်းတို့မှာ တာတန် (Tao Tan) တွင် လူဦးရေ ၇၀၀ ခန့်နှင့် ဆောင်ခါလီယ (Songkalia) တွင် လူဦးရေ ၁၇၀ ခန့်တို့ ဖြစ်ကြသည်။ ကျန်ရှိနေသူ အများအပြားမှာမူ ရာဘာစိုက်ခင်းများနှင့် ပတ်ဝန်းကျင်ဒေသများတွင် ပုန်းရှောင်နေကြရသည်ဟု ယူဆရပါသည်။
TBC သည် နေရပ်စွန့်ခွာ တိမ်းရှောင်လာရသူများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန်အတွက် စံခလဘူရီ (Sangklaburi) ရှိ ဒေသခံ ထိုင်းအာဏာပိုင်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် လူထုအခြေပြု အဖွဲ့အစည်းများ (CBOs) နှင့် လက်တွဲကာ လတ်တလောတွင် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါသည်။ ပထမအဆင့်အနေဖြင့် ဆန်အိတ် ၁၀၀ (TBC မှ ဆန်အိတ် ၅၀ နှင့် ကျန်အိတ် ၅၀ ကို အခြားအလှူရှင်များမှတစ်ဆင့် ပံ့ပိုးသည်) နှင့် အခြားသော အခြေခံစားသောက်ကုန်များကို တာတန်ဘုန်းကြီးကျောင်း (Tao Tan Temple) နှင့် အခြားသော နေရာများသို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ အစားအသောက်များကို စုရပ်စင်တာတစ်ခုတွင် စေတနာ့ဝန်ထမ်းများက ပြင်ဆင်ချက်ပြုတ်ပြီး နေရပ်စွန့်ခွာရသူများထံသို့ ဖြန့်ဝေပေးခဲ့ပါသည်။ လက်ရှိ တိမ်းရှောင်လာရသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ကြပြီး ကျဉ်းမြောင်းသော နေရာများတွင် ကြမ်းပြင်ပေါ်၌ အိပ်စက်နေကြရပါသည်။ ၎င်းအပြင် ထိုင်းနိုင်ငံ ကြက်ခြေနီအသင်း၊ ပုဂ္ဂလိကကဏ္ဍ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း စောင်၊ ခြင်ထောင်၊ ဖျာ၊ အဝတ်အထည်နှင့် ရွေ့လျားအိမ်သာများ အပါအဝင် အခြားလိုအပ်သော ပစ္စည်းများကို ပံ့ပိုးကူညီပေးခဲ့ကြပါသည်။
TBC အနေဖြင့် လက်ရှိအခြေအနေကို စောင့်ကြည့်လျက်ရှိပြီး နောက်ထပ် ဖြစ်ပေါ်လာမည့် အခြေအနေများကို ဆက်လက်လေ့လာကာ နေရပ်စွန့်ခွာရသူများအတွက် လိုအပ်သော အကူအညီများကို ဆက်လက် ပေးအပ်သွားမည် ဖြစ်ပါသည်။
