၁၉၈၄ ခုနှစ်တုန်းက TBC သည် ယနေ့တိုင် ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြသလို၊ ပို၍ဆိုးသည်မှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူပေါင်းသိန်းနှင့်ချီ၍ နေရပ်စွန့်ခွာနေရဆဲဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သောင်တင်နေရဆဲဖြစ်လိမ့်မည်ဟုလည်း မည်သူမျှ မတွေးမိခဲ့ကြပါ။ သို့သော်လည်း ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များသည် ယခင်ကထက်ပင် ပိုမိုကြီးမားနေဆဲဖြစ်ပြီး ကျွန်ုပ်တို့သည်လည်း ဤနေရာ၌ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ ဆိုးရွားလှသည့် အခြေအနေများနှင့် ဒေသခံလူထုက ပေးဆပ်ခဲ့ရသည့် တန်ဖိုးများကို စိတ်မကောင်းစွာဖြင့် ပြန်လည်သုံးသပ်နေရစဉ်မှာပင်၊ ဆယ်စုနှစ်လေးခုတိုင် TBC နှင့်အတူ ပုခုံးချင်းယှဉ်ကာ လက်တွဲရပ်တည်ခဲ့ကြသည့် ဒေသခံလူထု၏ ဂုဏ်သိက္ခာ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကိုလည်း ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုပါသည်။
TBC ၏ အနှစ် (၄၀) ပြည့် အထိမ်းအမှတ်အဖြစ် TBC ၏ သမိုင်းကြောင်းသာမက ထိုင်း-မြန်မာနယ်စပ် နှစ်ဖက်စလုံးရှိ နေရပ်စွန့်ခွာရသူများကို ကူညီပံ့ပိုးပေးရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ဖော်ပြထားသည့် မှတ်တမ်းအစီရင်ခံစာတစ်စောင်ကို ထုတ်ဝေခဲ့ပါသည်။ ဤအစီရင်ခံစာတွင် TBC စတင်တည်ထောင်ချိန်မှစ၍ ယနေ့ကဲ့သို့သော အဖွဲ့အစည်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာသည့် ခရီးစဉ်ကို မှတ်တမ်းတင်ထားပါသည်။ အနှစ် (၄၀) ကြာ နှစ်ပတ်လည်အစီရင်ခံစာများကို အခြေခံ၍ TBC ၏ အဖွဲ့အစည်းဆိုင်ရာ သမိုင်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသဖြစ်ရပ်များကို ရှုမြင်ရုံသာမက၊ ဒုက္ခသည်များကိုယ်တိုင် ဦးဆောင်သည့် အုပ်ချုပ်မှုစနစ်များ၏ စွမ်းဆောင်ရည်နှင့် တရားဝင်မှုကို နိုင်ငံတကာက ပိုမိုလက်ခံလာစေရန်လည်း အလေးပေးဖော်ပြထားပါသည်။ ဒေသခံဒုက္ခသည် မိတ်ဖက်အဖွဲ့အစည်းများသည် ကမ္ဘာ့အဆင့်မီ စံပြစနစ်များနှင့် စီမံချက်များကို မည်ကဲ့သို့ ဖော်ဆောင်ခဲ့ကြသည်ကို ပြသနေပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် ယခင်ထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများရှိကြောင်း နိုင်ငံတကာအသိုက်အဝန်းကို သက်သေပြနေပါသည်။ ၎င်းမှာ ဒုက္ခသည်များအတွက် လုပ်ဆောင်ပေးခြင်းထက် ၎င်းတို့နှင့်အတူတကွ လက်တွဲဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။