စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဟောင်ဆောင်ခရိုင်၊ ဆော့မယ်ခရိုင်ရှိ ဘန်မယ်လအွန်း (Ban Mae La Oon) ဒုက္ခသည်စခန်းတွင် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ ညအမှောင်ချိန်တွင် ဖြစ်ပွားခဲ့သဖြင့် စခန်းနေပြည်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို ချက်ချင်း မသိရှိနိုင်ခဲ့ကြပါ။ စခန်း၏ ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်အချို့ ပျောက်ကွယ်သွားကြောင်း သိရှိရချိန်တွင် စခန်းခေါင်းဆောင်များက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် လူထုကို စုစည်း၍ ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။
ရှာဖွေမှုအတွင်း အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ပြီး နောက်ထပ် စခန်းနေပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၇ ဦး ပျောက်ဆုံးနေခဲ့ပါသည်။ နောက်ရက်များတွင် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စခန်းအတွင်းသာမက ယွမ် (Yuam)၊ မိုးအိ (Moei) နှင့် သံလွင် (Salween) မြစ်များတစ်လျှောက်တွင်ပါ ဆက်လက်ဆောင်ရွက်ခဲ့ရာ နောက်ထပ် ရုပ်အလောင်း ၃ လောင်းကို ပြန်လည်တွေ့ရှိခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံဘက်ခြမ်းရှိ သံလွင်မြစ်အတွင်း ရုပ်အလောင်းတစ်လောင်းကို တွေ့မြင်ခဲ့ရသော်လည်း ပြန်လည်ဆယ်ယူနိုင်ခြင်းမရှိသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ယင်းသဘာဝဘေးအန္တရာယ်ကြောင့် တရားဝင်သေဆုံးသူ ၄ ဦး၊ ပျောက်ဆုံးနေပြီး သေဆုံးပြီဟု ယူဆရသူ ၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး ရှိခဲ့ပါသည်။
ယာယီနေအိမ်များနှင့် လူထုအသုံးပြု အဆောက်အအုံများ အပါအဝင် အဆောက်အအုံ တစ်ဒါဇင်ကျော် ပျက်စီးခဲ့ပြီး ယင်းတို့အနက် ဒုက္ခသည်နေအိမ် ၇ လုံးနှင့် လူထုအသုံးပြု အဆောက်အအုံ ၃ လုံးမှာ လုံးဝပျက်စီးဆုံးရှုံးခဲ့ပါသည်။
The Border Consortium (TBC) အဖွဲ့များသည် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စခန်းနေပြည်သူများအား ပံ့ပိုးကူညီရန် စခန်းသို့ ချက်ချင်းသွားရောက်ခဲ့ပြီး ထိုင်းအစိုးရတာဝန်ရှိသူများ၊ ဒုက္ခသည်ကော်မတီနှင့် စခန်းကော်မတီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့်အတူ အရေးပေါ်ညှိနှိုင်းအစည်းအဝေးများတွင်လည်း ပါဝင်ခဲ့ပါသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရက်များအတွင်း မယ်ဟောင်ဆောင်ခရိုင် အစိုးရအဖွဲ့သည် ထိခိုက်ခံစားရသူများအတွက် လိုအပ်သည့် အကူအညီများကို ပေးနိုင်ရန် ထိုင်းအာဏာပိုင်များ၊ စစ်ဘက်တာဝန်ရှိသူများနှင့် NGOs များပါဝင်သည့် ညှိနှိုင်းအစည်းအဝေးများကို ပုံမှန်ကျင်းပခဲ့ပါသည်။ အစပိုင်းတွင် အစည်းအဝေးများကို စခန်းအတွင်း ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ဆော့မယ်ခရိုင်ရုံး (Sop Moei District Office) ၌ ဆက်လက်ကျင်းပခဲ့ပါသည်။
TBC သည် ထိခိုက်ခံစားရသူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်သည့် စေတနာ့ဝန်ထမ်းများအား ကူညီပံ့ပိုးပေးခဲ့ပြီး ထိခိုက်ခံစားရသည့် အိမ်ထောင်စုအားလုံးအတွက် ဆုံးရှုံးသွားသည့် စားနပ်ရိက္ခာများအစား အစားထိုးရိက္ခာများနှင့် မီးသွေးများကို ဖြန့်ဝေပေးခဲ့ပါသည်။
ပျက်စီးသွားသည့် နေအိမ်များကို ပြုပြင်နိုင်ရန် အမိုးအကာနှင့် ဆောက်လုပ်ရေးပစ္စည်းများကိုလည်း ပံ့ပိုးပေးခဲ့ပြီး နေအိမ်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် TBC သည် စခန်းအခြေပြု Shelter Working Group နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
စခန်းအတွင်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် UNHCR တို့နှင့် အနီးကပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ ဒုက္ခသည်များအတွက် အဝတ်အထည်များ၊ စောင်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ စသည့် လိုအပ်သော အစားအစာမဟုတ်သည့် အထောက်အပံ့ပစ္စည်းများအပြင် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးနှင့် ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) ဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးခဲ့ပါသည်။