
အစီရင်ခံစာအပြည့်အစုံကို ဒေါင်းလုဒ်ရယူရန်
အနှစ်ချုပ်အစီရင်ခံစာ
ဤအစီရင်ခံစာသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကာလကို လွှမ်းခြုံထားပြီး TBC ၏ ၂၀၁၇-၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဦးတည်ချက်များ (Strategic Directions) အပေါ် အခြေခံ၍ TBC ၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုများကို ဖော်ပြထားပါသည်။
TBC ၏ အစီအစဉ်များမှ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၁၉၅,၀၀၀ ကျော်ကို အကူအညီပေးနိုင်ခဲ့ပြီး ယင်းတို့အနက် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း ၉ ခုမှ လူဦးရေ ၉၇,၀၀၀ ခန့်နှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကျေးရွာ ၁၉၁ ရွာမှ လူဦးရေ ၉၈,၀၀၀ ခန့် ပါဝင်ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် မခိုင်မာသေးဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ် အစပိုင်းတွင် နိုင်ငံ၏ ဒေသအချို့၌ အမျိုးသားအဆင့် တိုင်းရင်းသားရေးရာ သို့မဟုတ် ဒေသဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး မေလတွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြပါသည်။ အဆိုပါညီလာခံတွင် ဖက်ဒရယ်စနစ်နှင့် သက်ဆိုင်သည့် အခြေခံမူများကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (Ethnic Armed Organisations – EAOs) နှင့် တပ်မတော် (Myanmar Armed Forces) တို့အကြား အဓိကသဘောထားကွဲလွဲမှုအချို့ကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။ ယင်းတို့အနက် ခွဲထွက်ခြင်းမပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ရပ် ထည့်သွင်းရန် တပ်မတော်၏ အဆိုပြုချက်ကို EAOs များက ကန့်ကွက်ခဲ့ခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (self-determination) နှင့် ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်းရန် တပ်မတော်ဘက်မှ လက်မခံခဲ့ခြင်းတို့ ပါဝင်ပါသည်။
ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် မြန်မာအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ ဆွေးနွေးမှုများတွင် အဓိကအကြောင်းအရာတစ်ရပ် ဖြစ်လာခဲ့ပါသည်။ ဩဂုတ်လကုန်ပိုင်းတွင် Arakan Rohingya Salvation Army (ARSA) က လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ပြီးနောက် တန်ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။
နောက်ပိုင်းတွင် မြန်မာနိုင်ငံအစိုးရ (Government of Myanmar – GoUM) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့သည် နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့သော်လည်း ယခုနှစ်ကုန်အထိ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ပြည်သူများအနေနှင့်လည့်း ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်မှုများလည်း ဆက်လက်ဖြစ်ပေါ်နေခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် ကွယ်လွန်သူ ဘုရင် ဘူမိဘော အဒူလျာဒက် (King Bhumibol Adulyadej) အား ဝမ်းနည်းအောက်မေ့ခြင်း အခမ်းအနားအားဆက်လက်ဆောင်ရွက်ခဲ့ကြပြီး တစ်နှစ်တာ ဝမ်းနည်းခြင်းကာလသည် အောက်တိုဘာလတွင် ဘန်ကောက်မြို့၌ ငါးရက်ကြာ ကျင်းပခဲ့သည့် တော်ဝင်မီးသင်္ဂြိုဟ်ပွဲအခမ်းအနားဖြင့် အဆုံးသတ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မေလ စစ်တပ်အာဏာသိမ်းမှုအပြီး ကျင်းပမည်ဟု ကတိပြုထားသော်လည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည့် အထွေထွေရွေးကောက်ပွဲကိုလည်း ယခုအခါ ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။
ထို့အပြင် ထိုင်းတော်ဝင်အစိုးရ (Royal Thai Government – RTG) သည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ် (1951 UN Refugee Convention) တွင် လက်မှတ်ရေးထိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ခြေကို လေ့လာရန်နှင့် နိုင်ငံအဆင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသတ်မှတ်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါသည်။ ယင်းက ထိုင်းနိုင်ငံရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ ရင်ဆိုင်နေရသည့် အရေးကိစ္စများနှင့် စိန်ခေါ်မှုများအပေါ် အမျိုးသားလုံခြုံရေးကောင်စီ (National Security Council – NSC) ၏ ဆွေးနွေးမှုများကိုလည်း ပိုမိုတိုးမြှင့်ဖြစ်ပေါ်စေခဲ့ပါသည်။
ဒီဇင်ဘာလကုန်အထိ ဒုက္ခသည် ၉၃,၃၃၇ ဦးသည် စခန်းများတွင် ဆက်လက်နေထိုင်လျက်ရှိပါသည်။ ယခုနှစ်အတွင်း လူဦးရေ ၄,၀၉၅ ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ခဲ့ပြီး ၂,၁၇၈ ဦးသည် တတိယနိုင်ငံများတွင် ပြန်လည်အခြေချနေထိုင်ရန် ထွက်ခွာခဲ့ကြပါသည်။ ထို့အပြင် လူဦးရေ ၂,၆၇၀ ခန့်သည် ထိုင်းနိုင်ငံအတွင်း အခြားနေထိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေရန် စခန်းများမှ ထွက်ခွာခဲ့ကြပါသည်။ ယခုနှစ်အတွင်း စခန်းများ၌ မွေးကင်းစကလေး ၁,၇၄၅ ဦး မွေးဖွားခဲ့ပါသည်။
ယခုနှစ်တစ်လျှောက်လုံး TBC သည် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရ၊ အမိုးအကာနှင့် စခန်းစီမံခန့်ခွဲရေးဆိုင်ရာ အစီအစဉ်များကို ပိုမိုပေါင်းစပ်ဆောင်ရွက်နိုင်ရေးအပေါ် အာရုံစိုက်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ထိခိုက်လွယ်မှုအမြင့်မားဆုံးသူများကို အထူးဦးစားပေးခဲ့ပါသည်။ ယင်းလုပ်ငန်းများနှင့်အတူ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး၊ တတိယနိုင်ငံတွင် ပြန်လည်အခြေချနေထိုင်ရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ပေါင်းစည်းနေထိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ Food Card System (FCS) အစီအစဉ်ကို စခန်းနှစ်ခုတွင် နေထိုင်သူအားလုံး အကျုံးဝင်သည်အထိ တိုးချဲ့အကောင်အထည်ဖော်ခဲ့ပြီး ယခင်က အသုံးပြုခဲ့သည့် စားနပ်ရိက္ခာပစ္စည်းများကို တိုက်ရိုက်ပေးအပ်သည့်စနစ် (in-kind food assistance) နေရာတွင် အစားထိုးအသုံးပြုခဲ့ပါသည်။ ယင်းစနစ်ကြောင့် မိသားစုများအနေဖြင့် အစားအစာအမျိုးအစား ပိုမိုစုံလင်စွာ စားသုံးနိုင်ခဲ့ပြီး ဒုက္ခသည်များအနေဖြင့် မိမိတို့၏ ရရှိနိုင်သည့် အရင်းအမြစ်များကို မည်သို့အသုံးပြုမည်ကို ကိုယ်တိုင်ပိုမိုရွေးချယ်ဆုံးဖြတ်နိုင်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်အတွက် TBC ၏ အသုံးစရိတ်မှာ ဘတ်ဂျက်လျာထားငွေ ထိုင်းဘတ် ၇၀၁ သန်းနှင့် နှိုင်းယှဉ်ပါက ထိုင်းဘတ် ၆၈၄ သန်း သာသုံးစွဲနိုင်ခဲ့ပါသည်။ ယင်းသို့ အသုံးစရိတ် လျော့နည်းခဲ့ခြင်းမှာ လုပ်ငန်းအရွယ်အစား လျှော့ချခြင်းနှင့် ကုန်ကျစရိတ် လျှော့ချခြင်းဆိုင်ရာ အစီအမံအမျိုးမျိုး ဆောင်ရွက်ခဲ့ခြင်းအပြင် စားနပ်ရိက္ခာနှင့် ချက်ပြုတ်လောင်စာအများစု၏ ဈေးနှုန်းများမှာ မျှော်မှန်းထားသည်ထက် နိမ့်ကျခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။