ယောက်မြို့၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖြစ်တော်မူသော ဒေါက်တာ ဂျွန်ဆန်တာမူ (The Most Reverend & Right Honorable Dr John Sentamu, Archbishop of York) က အင်္ဂါနေ့ညနေပိုင်းတွင် အောက်စ်ဖို့ဒ်တက္ကသိုလ်၊ လေဒီမာဂရက်ခန်းမရှိ ဆင်မ်ကင်စ်လီပြဇာတ်ရုံ (Simpkins Lee Theatre, Lady Margaret Hall, Oxford University) ၌ ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနားတွင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
TBC သည် အဆိုပါ နှစ်ပတ်လည် ငွေသားဆုအတွက် နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခဲ့ကြသည့် အဖွဲ့ (၃) ဖွဲ့အနက် တစ်ဖွဲ့ဖြစ်ပြီး၊ ဆုချီးမြှင့်ပွဲ မကျင်းပမီ နာရီပိုင်းအလိုတွင် လေဒီမာဂရက်ခန်းမ၌ ကျွမ်းကျင်သူ (၅) ဦးပါဝင်သော အကဲဖြတ်အဖွဲ့ထံသို့ မိမိတို့၏ စီမံကိန်းများကို တင်ပြခဲ့ကြခြင်း ဖြစ်ပါသည်။ ယင်းနေရာမှာပင် အော့ကန်ဒန်ပရဟိတအဖွဲ့ကို တည်ထောင်သူ ကွယ်လွန်သူ ဒေါ်ဂျွိုက်စ်ပီးယားစ် (The late Joyce Pearce OBE) သည် ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများအတွက် သူမ၏ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး လူထုအသင်း (ACPDH) နှင့် ယူကေအခြေစိုက် မသန်စွမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့ (DDP) တို့သည် ဘူရွန်ဒီနိုင်ငံ (Burundi) ၏ ပြည်နယ်နှစ်ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် “Twunganire Abahungutse (TA) – နေရပ်ပြန်လာသူများကို အားလုံးက ဝိုင်းဝန်းကူညီစို့” ဟု အဓိပ္ပာယ်ရသော စီမံကိန်းဖြင့် ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြပါသည်။
TBC နှင့် ZOA အဖွဲ့တို့သည် ၎င်းတို့၏ စီမံကိန်းများဖြင့် ဒုတိယဆုရှင်များ (Runners-up) အဖြစ် ရွေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
- နေရပ်ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း’ (ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ) The Border Consortium,
- ‘သီရိလင်္ကာနိုင်ငံ၏ ယခင်စစ်မက်ဖြစ်ပွားရာဒေသရှိ စီးပွားရေးသွေးကြောမကြီး နှစ်ခုတောက်လျောက် စားဝတ်နေရေး အခွင့်အလမ်းများကို ပြန်လည်အသက်သွင်းခြင်း’ – ZOA – ကယ်ဆယ်ရေး၊ မျှော်လင့်ချက်၊ ပြန်လည်ထူထောင်ရေး
ရုပ်သံထုတ်လွှင့်သူ မိုက်ကယ်ဗတ်ခ် (Michael Buerk) ဦးဆောင်သည့် အကဲဖြတ်ဒိုင်အဖွဲ့သည် အကူအညီပေးထားသော လူထုအသိုက်အဝန်းများအတွင်း မိမိကိုယ်ကိုယ် ပိုမိုအားကိုးရပ်တည်နိုင်လာမှုဆိုင်ရာ သက်သေအထောက်အထားများကို အဓိက ရှာဖွေစိစစ်ခဲ့ပါသည်။ ဤသည်မှာ ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ခဲ့သည့် လုပ်ငန်းစဉ်များကို အသိအမှတ်ပြု ချီးမြှင့်သည့် အဆိုပါဆု၏ အဓိက အနှစ်သာရနှင့် ရည်ရွယ်ချက်လည်း ဖြစ်ပါသည်။
ယခုနှစ်အတွက် ဆုဖလားများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုငွေချက်လက်မှတ်များ (ပထမဆုရှင်အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နှင့် ကျန်နောက်ဆုံးအဆင့်တက်လှမ်းနိုင်ခဲ့သည့် အဖွဲ့နှစ်ဖွဲ့အတွက် တစ်ဖွဲ့လျှင် ဒေါ်လာ ၂၅,၀၀၀ စီ) ကို ယောက်မြို့၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Archbishop of York) က ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့ပြီး ၎င်းက ယခုကဲ့သို့ မိန့်ကြားခဲ့ပါသည်။
‘၂၀၁၅ ခုနှစ် အော့ကန်ဒန် နိုင်ငံတကာဆု (Ockenden International Awards) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဖွဲ့အစည်းပေါင်း ၆၇ ဖွဲ့လုံးကို ကျွန်ုပ်အနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။ ကမ္ဘာ့လူသားနွယ်စုများနှင့် အခြားသူများ၏ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ယခုနေရာတွင် စုံညီစွာ ရောက်ရှိနေကြသည့် ဆုရရှိသူများကို ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် အသိအမှတ်ပြု ဆုချီးမြှင့်ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိပါသည်။ ၎င်းတို့၏ ကြီးမြတ်သော လုပ်ငန်းဆောင်တာများကို ကျွန်ုပ်တို့အားလုံး ဂုဏ်ပြုကြပါစို့။ ၎င်းတို့သည် ဒုက္ခသည်များအား ရပ်တည်ရှင်သန်နိုင်ရန် ကူညီပေးရုံသာမက၊ ကိုယ်တိုင် ရွေးချယ်ခွင့်ရခဲ့ခြင်းမရှိသည့် ဤကဲ့သို့သော ခက်ခဲလှသည့် အခြေအနေများအောက်တွင်ပင် ဂုဏ်သိက္ခာရှိရှိနှင့် အကောင်းမြင်စိတ်ဖြင့် အသက်ရှင် နေထိုင်သွားနိုင်ရန် ဒုက္ခသည်များအား ပံ့ပိုးကူညီပေးခဲ့ကြခြင်း ဖြစ်ပါသည်။
ပရိသတ်အပြည့်အသိပ် တက်ရောက်ခဲ့သော အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ဆုချီးမြှင့်ပုံများကို မြင်တွေ့ခဲ့ကြရပြီး နောက်ဆုံးအဆင့် ယှဉ်ပြိုင်ကြသည့် အဖွဲ့ (၃) ဖွဲ့ကလည်း ၎င်းတို့၏ စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ်အတွက် ကျင်းပသည့် အဆိုပါဆုသို့ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၆၇ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ပဏာမအကဲဖြတ်ဒိုင်အဖွဲ့က နောက်ဆုံးအဆင့် တက်လှမ်းမည့် အဖွဲ့ (၃) ဖွဲ့ကို စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
Broadcaster ဖြစ်သူ Mr Michael Buerk က Chair အဖြစ် ဦးဆောင်သည့် အဆိုပါ အကဲဖြတ်ဒိုင်အဖွဲ့တွင် Oxford University, Refugee Studies Centre ၏ Director ဖြစ်သူ Dr Alexander Betts၊ University of Oxford ၏ Professor of Anthropology and Forced Migration ဖြစ်သူ Dr Dawn Chatty၊ Barrow & Gale ၏ Managing Director ဖြစ်သူ Mr Mohammed Suleman နှင့် Community Foundation for Northern Ireland ၏ Director ဖြစ်သူ Dr Avila Kilmurray တို့ ပါဝင်ကြပါသည်။
အဆိုပါ Presentation အတွက် TBC မှ ၃ မိနစ်စာ ဗီဒီယိုတစ်ခုဖြစ်သည့် “Building Preparedness for return” ကို ထုတ်လုပ်ခဲ့ပြီး၊ ၎င်းဗီဒီယိုကို Karen News မှ ရိုက်ကူးထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။