Related Posts

Saw Hsa Htoo Mwe, Umpiem Mai

စောဆာထူးမွေ(Saw Hsa Htoo Mwe) သည် ၂၀၀၃ ခုနှစ်မှစတင်၍ အုန်းပြန်ဒုက္ခသည်စခန်းတွင် ရပ်ကွက်ခေါင်းဆောင်၊ ဇုန်ခေါင်းဆောင်၊ လုံခြုံရေးတာဝန်ခံနှင့် စခန်းကော်မတီ၏ ရွေးကောက်တင်မြှောက်ခံအဖွဲ့ဝင်အဖြစ် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ပြီး မတူညီသော ခေါင်းဆောင်မှုတာဝန်များဖြင့် မိမိ၏ လူမှုအသိုင်းအဝိုင်းအတွက် ဆောင်ရွက်ပေးခဲ့ပါသည်။

လက်ရှိတွင် စခန်းရိက္ခာနှင့် ပစ္စည်းထောက်ပံ့ရေးမန်နေဂျာ (Camp Supplies Manager) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် စောဆာထူးမွေသည် စခန်းများတွင် Community-Managed Targeting (CMT) စနစ် စတင်အကောင်အထည်ဖော်ခြင်းနှင့် ရိက္ခာပံ့ပိုးမှုများ ပြောင်းလဲခြင်းတို့ကြောင့် ဒုက္ခသည်အသိုင်းအဝိုင်းအတွက် စိန်ခေါ်မှုများပြားခဲ့သည့် ကာလအတွင်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ရိက္ခာပံ့ပိုးမှု အပြောင်းအလဲများနှင့်ပတ်သက်၍ လူထုအား အသိပေးဆက်သွယ်ရေး လုပ်ငန်းများတွင် စောဆာထူးမွေသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သကဲ့သို့ ယင်းအပြောင်းအလဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အခြားရွေးချယ်နိုင်သည့် ရင်ဆိုင်ဖြေရှင်းနည်းလမ်းများ (alternative coping mechanisms) ကို လူထုနှင့်အတူ ရှာဖွေဖော်ထုတ်ရာတွင်လည်း အဓိကပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ရိက္ခာပံ့ပိုးမှုဆိုင်ရာ အပြောင်းအလဲများ စတင်အကောင်အထည်ဖော်ခဲ့သည့် အခြေအနေနှင့် ယင်းအပြောင်းအလဲများအကြောင်း စခန်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ရန် လူထုနှင့် TBC တို့ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ရင်း ၎င်းက TBC သို့ ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။
“စခန်းအတွင်း နေထိုင်သူတွေအနေနဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ဝင်ငွေရရှိစေမယ့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ဒေသခံ NGO အဖွဲ့အစည်းတွေရဲ့ အခွင့်အလမ်းတွေကို အားထားအသုံးချကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။”

သို့သော် ယင်းအခြေအနေသည် စခန်းအတွင်းရှိ လူထုအတွက်သာမက စခန်းခေါင်းဆောင်များအတွက်ပါ ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း ၎င်းက အသိအမှတ်ပြု ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့က နှစ်ဖက်ကြားမှာ ရပ်တည်နေရတဲ့ အခြေအနေပါ။ TBC ရဲ့ ရန်ပုံငွေအခြေအနေကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ တစ်ဖက်မှာလည်း စခန်းမှာ နေထိုင်သူတွေရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် ဒီလိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။”

စောဆာထူးမွေ က ရိက္ခာပံ့ပိုးမှု အပြောင်းအလဲများသည် စခန်းအတွင်းရှိ လူထုအတွက် အလွန်ခက်ခဲစေခဲ့သကဲ့သို့ အဆိုပါအပြောင်းအလဲများကို လူထုအား ရှင်းလင်းပြောကြားခြင်းနှင့် ၎င်းတို့၏ မေးခွန်းများကို ဖြေကြားပေးရန် ကြိုးပမ်းခြင်းတို့သည်လည်း စိန်ခေါ်မှုများရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် စောဆာထူးမွေ ကဲ့သို့သော ခေါင်းဆောင်များ၏ အားထုတ်ကြိုးပမ်းမှုနှင့် လူထုအနေဖြင့် မှန်ကန်တိကျသည့် သတင်းအချက်အလက်များ ရရှိကာ အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အခွင့်အလမ်းရှိစေရေး ဆောင်ရွက်ပေးခဲ့မှုတို့ကြောင့် ရိက္ခာပံ့ပိုးမှု အပြောင်းအလဲများကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ထို့အပြင် ကလေးများနှင့် ထိခိုက်လွယ်မှုအမြင့်မားဆုံးသူများ၏ လိုအပ်ချက်များကိုလည်း ဆက်လက်ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။

Scroll to Top